လောကနိီတိ
#ရှုံးနိမ့်ခြင်း ..အလှ
=============
အသိဉာဏ်နဲ့ယှဉ်ပြီး အရှုံးပေးလိုက်ခြင်းတွေဟာ ရလာဒ်က လှတယ်။အနိုင်ယူလိုက်နိုင်တာတွေကတော့ အစဉ်သဖြင့် မလှနိုင်ဘူး ဆိုရမှာပေါ့။
အနိုင်ရလိုက်ခြင်းတွေမှာ အငြှိုးအတေးနဲ့ #အာဃာတတွေက ပါလာမှာပဲ။
အနိုင်ရခြင်းဟာ #တရားမျှတမှုကို အခြေမခံရင်
ခဏလေးတောင် ပျော်ဖို့ကောင်းတာ မဟုတ်ဘူး။
"ကိုယ့်အရိပ်တောင် ရန်သူထင်'' ဆိုတာလို စိုးရိမ်မှုတွေနဲ့ ရှင်သန်နေရတာမျိုး ဖြစ်တတ်တယ်ပေါ့။
#ရှုံးနိမ့်ခြင်း ဆိုတာ အမျိုးမျိုး ရှိတယ်။တချို့ကပဲ ခန္တီဂုဏ်နဲ့ညီတဲ့ အရှုံးပေးတာမျိုးဖြစ်ပါတယ်။
အများစုကတော့ နိုင်ချင်လို့ကို အရှုံးပေးရတာမျိုးတွေဖြစ်ပါတယ်။
#အသိဉာဏ်နဲ့ ပြိုင်ပါ
-----------------------------
လောကသဘာဝမှာတော့ ပြိုင်ဆိုင်မှုတွေက အမျိုးမျိုး ရှိနေကြတာပဲ။တချို့က ခွန်အားကို အားပြုပြီး အနိုင်ယူချင်တယ်။တချို့က ညာဏ်ပညာကို အားပြုပြီး ယှဉ်ပြိုင်ကြတယ်။
ဘယ်လိုပဲ အားပြိုင်ကြပါစေ။ ယှဉ်ပြိုင်တိုက်ခိုက်မှုတိုင်းဟာ #တရားမျှတမှုကို အခြေခံထားရင်တော့
ကောင်းတာပေါ့။
ဒါမှ အနိုင်ရသူကော၊ရှုံးနိမ့်သူကော... နောက်ဆက်တွဲ အန္တရာယ်နည်းမယ်။နို့မို့ဆို ပွဲပြီးသွားလဲ နှစ်ဖက်လုံးမှာ စိုးရိမ်သောတွေ အမြဲရှိနေကြရမှာ။
#သားတရား စီရင်ခန်း
--------------------------------
ရှုံးနိမ့်မှုအကြောင်း ဆက်စပ်တွေးရင်းနဲ့ မဟော်သဓာဇာတ်တော်ထဲက #သားတရားစီရင်ခန်း
ကို သတိရမိတယ်။ဒီဇာတ်လမ်းကလဲ အခြားအခန်းတွေလိုပဲ မဟော်သဓာရဲ့ ပညာခန်းကို အဓိကပြတာပါ။
ဒီအထဲကမှ သားသည်မိခင်ရဲ့ ညာဏ်ပညာနဲ့ယှဉ်တဲ့ ဆင်ခြင်နိုင်စွမ်းကိုလည်း အသိအမှတ်ပြုသင့်တာပေါ့။သူ့သားငယ်ကို ဘီလူးမနဲ့ ယှဉ်မလုတာက
စာထဲမှာ ဖော်ပြထားသလို မိခင်မေတ္တာသက်သက်ကြောင့်တော့ ဟုတ်ပုံမရပါဘူး။
သူဟာ အနိုင်ရချင်လို့ တမင်အရှုံးပေးလိုက်တယ်လို့ပဲ ထင်စရာကောင်းပါတယ်။ဘာကြောင့်လဲဆိုတော့ သူဟာ #မဟောသဓ ပညာရှိရှေ့မှာမို့ ဒီလိုအလွယ်အရှုံးပေးလိုက်တာပဲ။
လူမမြင်ကွယ်ရာမှာဆိုရင် သူ့သားကို ပြန်ရရေးအတွက် ဘီလူးမကို အသက်နဲ့ရင်းပြီး ယှဉ်ပြိုင်တိုက်ခိုက်လိမ့်မယ်ထင်တယ်။ခလေးကို ဟိုဘက်ဒီဘက် ဆွဲလုတဲ့နည်းမပါပေါ့။
ဒါ့ကြောင့် ယှဉ်ပြိုင်တိုက်ခိုက်မှုတွေမှာ...
အချိန်ရယ်၊နေရာရယ်၊အခြေအနေရယ်တွေကို ထည့်သွင်း စဉ်းစားနိုင်ရတယ်။မိုက်ရူးရဲ မလုပ်ရဘူး။
#ရဲရင့်ခြင်း
----------------
#သတ္တိ ဆိုတာ ဉာဏ်နဲ့အမြဲယှဉ်တယ်။ဉာဏ်နဲ့မယှဉ်တဲ့ ရဲတင်းမှုဆိုတာ သတ္တိမဟုတ်ဘူး။မိုက်ကန်းတာပဲ ဖြစ်တယ်ပေါ့။လူအများက သတ္တိ နဲ့ မိုက်ရူးရဲမှုကို သိပ်မကွဲပြားကြဘူး။
ဥပမာတစ်ခုကြည့်။အကြောင်းအရာတစ်ခုအတွက် အသက်ကိုစွန့်ဖို့အထိ ရဲရင့်တယ်ဆိုတာတောင်မှ #စွန့်ရမယ့် အကြောင်းအရာပေါ်မူတည်ပြီးမှ တကယ့်သတ္တိလားဆိုတာ ဆုံးဖြတ်ရမယ်ပေါ့။
အထက်မှာ ဖော်ပြခဲ့တဲ့ သားသည်မိခင်ရဲ့ အရှုံးပေးမှုက တကယ့်သတ္တိဖြစ်တယ်။မဟော်သဓာလို ပညာရှိရဲ့ရှေ့မှာ ရန်သူကို ဘယ်လိုအနိုင်ယူရမယ်ဆိုတာ သူသိတာကိုး။
...ဒီအထဲက ဘီလူးမရဲ့ အနိုင်ရလိုမှုကို ကြည့်ပေါ့။
သူဟာ စားချင်ဝါးချင်၊ကြမ်းချင်ရမ်းချင်စိတ်နဲ့
အင်အားသုံးအနိုင်ယူဖို့ပဲသိတယ်။ဉာဏ်ပညာအသုံးပြုလိုခြင်း လုံးဝမရှိဘူး။
...သူ့နှလုံးသားထဲမှာ မြင့်မြတ်တဲ့ စိတ်ခံစားမှုကလဲ
#နတ္ထိ ။ဒါကိုလဲ ဥပမာအနေနဲ့ကြည့်။
#အာဠာဝက
-------------------
.....ဗုဒ္ဓရဲ့ အာဠာဝကဘီလူးအပေါ် အောင်နိုင်မှုကိုကြည့်။
ပထမပိုင်း တစ်ညလုံး ဘီလူးကြီးကို တန်ခိုးစွမ်းနဲ့
ဖိနှိပ်ထားခြင်းက တကယ်အောင်မြင်တာ မဟုတ်သေးဘူး။
....မနက်လင်းကာနီးမှ ဘီးလူးကြီးကို #အရှုံးပေးပြပြီး သူသိချင်တဲ့ မေးခွန်းတွေကို ဖြေပေးတာကမှ
တကယ့်အောင်မြင်ခန်း ဖြစ်ပါတယ်။
....အဲဒီကျမှ အာဠာဝကဟာ တကယ်ယဉ်ကျေးကျိုးနွံပြီး #သောတာပန် တည်တာပါ။
...အမှန်တကယ် #အောင်နိုင်ခြင်းဆိုတာ အင်အားသုံးအနိုင်ယူမှုအပေါ် အခြေမခံရဘူး ဆိုပါတော့။
...ဒီအချက်ကို လူတွေက သိပ်သတိမထားဘူး။
ဘီလူးကြီးက ဘုရားရဲ့တန်ခိုးကို #မယှဉ်နိုင်တာကို
အောင်ခြင်းလို့ မှတ်သားမိကြတယ်။
တကယ်က....
#အရှုံးပေးပြီးရင်း အသိဉာဏ်ပေးပြီးမှ.....
အသိဉာဏ်နဲ့ အောင်မြင်တာပါ။
#ဓမ္မ နဲ့ #အဓမ္မ
----------------------
.....လောကလူသားတွေမှာလဲ အနိုင်ရလိုမှုပဲကြည့်ပြီး၊ကိုယ်ချင်းစာတရားနဲ့ စာနာစိတ်ကင်းမဲ့သူတွေဟာ ဒီဘဝမှာ အရှုံးကြီးရှုံးကြရတယ်။နောင်တမလွန်မှာလဲ ဒုက္ခတိဘုံဘဝတွေ ရောက်ကြရလိမ့်ဦးမယ်။
ဒါတွေဟာ တန်ခိုးရှင်က စီရင်ဆုံးဖြတ်တာ မဟုတ်ဘူး။ #သဘာဝဓမ္မရဲ့ တရားစီရင်မှုပဲဖြစ်တယ်။
...#ဓမ္မ ကိုအခြေခံပြီး အနိုင်ရတာနဲ့ #ဓမ္မ ကိုပဲ အခြေခံတဲ့ ရှုံးနိမ့်ရခြင်းတွေဟာ တန်ဖိုးရှိတာတွေချည်းပဲလို့ ခံယူကြဖို့ကောင်းတယ်။
...တရားမျှတမှုကို မူတည်ပြီး အရှုံးပေးရဲတာလဲ
#သတ္တိပဲ။ ဒါ့ကြောင့် ကြှနျုပျတို့ဟာ သတ္တိ နဲ့ မိုက်ရူးရဲမှုကို ခွဲခြားတတ်ရမယ်။
...ငါးရာ့ငါးဆယ်ဇာတ်တော်တွေကိုလည်း လေ့လာကြည့်ရမယ်။ဘုရားအလောင်းတော်ဟာ အင်အားသုံးအနိုင်ယူမှုတွေနဲ့ အနိုင်ယူခဲ့တာ မရှိပါဘူး။
ညာဏ်ပညာဦးစီးတဲ့ #အရှုံးပေးပြီး အောင်မြင်ခဲ့တာတွေက ပိုများပါတယ်။
....ခေတ်သစ်သမိုင်း မှတ်တမ်းတွေကိုလဲကြည့်။
စစ်ဘုရင်တွေရဲ့ အောင်မြင်မှု မှတ်တမ်းတွေထက်
ပညာရှင်တွေရဲ့ အောင်မြင်မှုတွေကသာ လောကကို
#အလှဆင် နိုင်ကြတယ် မဟုတ်လား။
...လောဘ၊ဒေါသ၊မာန်မာနကို အခြေပြုတဲ့ အနိုင်ရခြင်းတွေဟာ အစစ်အမှန်အားဖြင့် ရှုံးနိမ့်ပျက်စီးခြင်းပဲလို့ သဘောပေါက်ဖို့လိုတယ်။
နောက်ဥပမာတွေက ဘုရားရှင်ရဲ့...... အောင်ခြင်းရှစ်ပါး ဇာတ်လမ်းတွေကိုကြည့်ပေါ့။
တန်ခိုးစွမ်းအားနဲ့ နှိမ်နင်းအနိုင်ယူတာ မဟုတ်ပါဘူး။ညာဏ်ပညာခြံရံတဲ့ #အရှုံးပေးမှု ကိုအခြေခံပြီးမှ အောင်မြင်မှုကို ယူတာပါ။
#လောကကိုအလှဆင်
---------------------------------
...ကျွန်ုပ်တို့ဟာ လောကကို အလှဆင်နိုင်တဲ့ အနိုင်ရမှုတွေအတွက် ဂုဏ်ယူတတ်သလို၊#ဓမ္မကို အခြေခံတဲ့ ရှုံးနိမ့်မှုတွေအတွက်လဲ ထပ်တူဂုဏ်ယူတတ်ဖို့ လိုသေးတယ်။
...လောကမှာ ရှုံးတယ်ဆိုတိုင်း ရှက်ရွံ့သိမ်ငယ်စရာချည်းပဲ မဟုတ်ဘူး။မြတ်နိုးနှစ်လိုဖွယ် #ရှုံးနိမ့်ခြင်း တွေလည်း ရှိတာပဲ။
ကျွန်ုပ်တို့ရဲ့ ဘဝတလျှောက်လုံးနဲ့ နေ့စဉ်ဘဝတွေမှာလည်း အနိုင်ယူအောင်မြင်မှုတွေအတွက်၊ #လှပတဲ့ရှုံးနိမ့်မှုတွေ လိုအပ်ကြောင်း သတိပြုရမယ်ပေါ့။
#အရှင်တေဇနိယ (တောမှီရဟန်း)
========================
Comments
Post a Comment